လွှတ်တော်ရောက် ဇိုမီး သူရဲကောင်း


|| စိုင်းထွန်းအောင်လွင် ||
မူလကတော့ နေပြည်တော်ကို သွားမယ့် ကျွန်တော့်ရဲ့ ခရီးစဉ်အတွင်းမှာ သူနဲ့တွေ့ဖို့ မပါပါ။ ဒါပေမဲ့ မသွားခင် တစ်ရက်အလိုက ဘီဘီစီ အသံလွှင့် အစီအစဉ်မှာ ပင်တိုင်ဆွေးနွေးသူ အနေနဲ့ ကျွန်တော် ၀င်ရောက် ဆွေးနွေးဖြစ်တော့ ‘ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်တယ်။ ဒါပေမဲ့ သူချက်ချင်း မဖြစ်နိုင်သေးရင်လည်း သူနဲ့ ကာလရှည် မိတ်ဖက်တွေ လက်တွဲဖော်တွေ ဖြစ်ခဲ့တဲ့ ကျွန်တော်တို့ ဇိုမီးခေါင်းဆောင်ကို ဖြစ်စေချင် တယ်။ သူလည်း ပြည်သူ့လွှတ်တော်က အနိုင်ရထားတာပဲ” ဆိုတဲ့ ဇိုမီးမျိုးနွယ်စုဝင် လူငယ်တစ်ယောက်ရဲ့ ဆွေးနွေးသံကို ကြားရင်း နေပြည်တော် ခရီးစဉ်မှ သူနဲ့ တွေ့မှဖြစ်မယ်ဆိုတဲ့ အသိက ၀င်လာတာနဲ့ သူ့ကို တွေ့ခွင့်ရအောင် ကြိုးပမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပြည်သူ့လွှတ်တော် အစည်းအဝေးမစခင် တစ်ရက်အလိုက သူတည်းခိုနေတဲ့ သူ့တည်းခိုဆောင်ကို ရောက်သွားတော့ အသက်အရွယ်မမျှ ရွှင်လန်းတက်ကြွစွာနဲ့ သတင်းမီဒီယာ သမားတစ်ဦးရဲ့ မေးမြန်းမှုကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေတာ တွေ့ရပါတယ်။
“ကျွန်တော်က The Ladies News က စိုင်းထွန်းအောင်လွင်ပါ ခင်ဗျာ” လို့ ဆိုလိုက်တော့ သူက “ထိုင်ပါခင်ဗျာ” ဆိုပြီး ခုံတစ်လုံးကို ညွှန်ပြလို့ ကျွန်တော့်ထက် အရင်ရောက်နေတဲ့ လူငယ် သတင်းထောက်လေးရဲ့ မေးခွန်းကို ဆက်ဖြေနေပါတယ်။
မျက်နှာက အရေးအကြောင်းတွေက သူ့ရဲ့ အသက်ရွယ် ကြီးမြင့်မှုကို ပြနေပေမယ့် ဇိုမီး မျိုးနွယ်စုတွေရဲ့ မျိုးနွယ်စုအဖြစ် တရားဝင် ရပ်တည်ခွင့် ရရေးအပြင် ခေတ်အဆက်ဆက် သူကြိုးပမ်းခဲ့တဲ့ တိုင်းရင်းသား တန်းတူအခွင့်ရေး အတွက်ကိုပါ နောက်ဆုံး အခွင့်အရေး အဖြစ် ကြိုးပမ်းမယ်ဆိုတဲ့ စိတ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရ ရှိခဲ့ကာ လွှတ်တော်အတွင်း ၀င်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သူဆိုတာကတော့ ၀ါရင့်နိုင်ငံရေး သမားဖြစ်ပြီး အာဏာရှင် အဆက်ဆက်ကို မကြောက်မရွံ့ ဆန့်ကျင်ခဲ့ကာ တိုင်းရင်းသား အခွင့်အရေးအတွက် တောင်းဆိုခဲ့တဲ့ “ပူးလ်ကျင်ရှင့်ထန်” ဖြစ် ပါတယ်။
သူရှင်သန် လှုပ်ရှားခဲ့တဲ့ နိုင်ငံရေး ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင် ပါလီမန် ဒီမိုကရေစီခေတ် ၊ မဆလ တစ်ပါတီ အာဏာရှင်ခေတ်၊ န၀တ - နအဖ စစ်အစိုးရလက်ထက် ၊ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ဆိုပြီး အစိုးရ လေးဆက်တိုင်အောင် တည်ရှိနေခဲ့တာ တွေ့ရပါတယ်။
သူ့အကြောင်းကို ပြောမယ်ဆိုရင် ဇိုမီးမျိုးနွယ်စုတွေရဲ့ အမျိုးသားရေး လှုပ်ရှားမှုအကြောင်းနဲ့ ခေတ်သစ် မြန်မာနိုင်ငံကို ဖြစ်ပေါ်စေခဲ့တဲ့ ပင်လုံစာချုပ် အကြောင်းတွေကို ဆက်စပ်ပြောမှ ပြည့်စုံပါလိမ့်မယ်။
သူတို့ကိုယ်သူတို့ ဇိုမီးလို့ခေါ်တဲ့ မျိုးနွယ်စုတွေဟာ မြန်မာနိုင်ငံဘက်က ချင်းပြည်နယ်ဘက်ခြမ်းနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်မှာ အများစု ၊ အာသံနဲ့ မဏိပူရ် ဒေသတွေမှာလည်း နေထိုင်ကြတာပါ။ ခေတ်သစ် မြန်မာနိုင်ငံကို ပေါ်ပေါက်စေခဲ့တဲ့ ပင်လုံစာချုပ် ချုပ်ဆိုတဲ့အထဲမှာ ပါဝင်တဲ့ ချင်းတိုင်းရင်းသား ခေါင်းဆောင် သုံးဦးအနက်ထဲက ဦးထောင်ဇာခုပ်ကလည်း ဇိုမီးမျိုးနွယ်စုပါပဲ။
ပူးလ်ကျင်ရှင့်ထန်ရဲ့ နိုင်ငံရေး လှုပ်ရှားမှု စတင်ခဲ့တာတွေကလည်း အဲဒီ ပင်လုံစာချုပ်နဲ့ ဆက်စပ်နေပါတယ်။ ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်သွားခဲ့တော့ တိုင်းရင်းသားတွေ အနေနဲ့ စာချုပ်ပါ အခွင့်အရေးတွေ ဖက်ဒရယ်မူနဲ့ ပတ်သက်တဲ့ မူဝါဒတွေက ၁၉၄၇ ခုနစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေမှာ ပါမလာခဲ့ပါဘူး။ ဒါ့ကြောင့် စာချုပ်ပါ ပြဋ္ဌာန်းချက်အတိုင်း ၁၀ နှစ်အကြာမှာ ဖက်ဒရယ်အရေး တောင်းဆိုသံတွေနဲ့ အတူ အဲဒီတုန်းက အထက်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ လုပ်နေတဲ့ ပူးလ်ကျင်ရှင့်ထန် တစ်ယောက်အနေနဲ့လည်း နိုင်ငံရေးလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ တက္ကသိုလ် စတက်တက်ချင်း ၁၉၆၀ မှာပဲ Chin Students Union ချင်းကျောင်းသားများ သမဂ္ဂမှာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပါတယ်။ အဲဒီနောက် တိုင်းရင်းသားအရေး လှုပ်ရှားမှုတွေမှာ ဆက်တိုက် ပါဝင်လာခဲ့ပါတယ်။
အသက် နှစ်ဆယ်ကျော်အရွယ် ပူးလ်ကျင်ရှင့်ထန်ဟာ တိုင်းရင်းသားအရေး လှုပ်ရှားမှုသမိုင်းမှာ အရေးပါတဲ့ ၁၉၆၁ ခုနစ် တောင်ကြီး တိုင်းရင်းသား ညီလာခံမှာ ချင်းပြည်နယ်က တက်ရောက်ရမယ့် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပါတယ်။ အဲဒီညီလာခံဟာ တိုင်းရင်းသားအရေး ပြသ၁နာ ဖြေရှင်းဖို့အတွက် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရာမှာ အခြေခံရမယ့်မူတွေကို တိုင်းရင်းသား ကိုယ်စားလှယ်တွေ စုစည်းပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ ကြိုးပမ်းမှုတွေဟာ အထမမြောက်ခဲ့ပါဘူး။ တောင်ကြီး ညီလာခံရဲ့ အဆက်အနေနဲ့ ကျင်းပတဲ့ တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မှာ ၁၉၆၂ ခုနစ်က ပြုလုပ်နေစဉ် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်တဲ့ စစ်တပ်က အာဏာ သိမ်းခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ အာဏာသိမ်းမှုနဲ့အတူ စော်ဘွားတွေ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင် အမြောက်အမြားလည်း အဖမ်းခံရပါတယ်။ ပူးလ်ကျင်ရှင့်ထန် အနေနဲ့ အဖမ်းမခံရပေမယ့် ကြောက်ရွံ့မှုမရှိဘဲ ဇိုမီးမျိုးနွယ်စု အရေးနဲ့ တိုင်းရင်းသား အခွင့်အရေးအတွက် လှုပ်ရှားမှုတွေ ဆက်လက် ပြုလုပ်ခဲ့တာကြောင့် ၁၉၇၄ ခုနစ်မှာ ဖမ်းဆီးထိန်းသိမ်း ခံရပါတယ်။ အဲဒီထိန်းသိမ်းခံရမှုဟာ စုစုပေါင်း လေးနှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။ သူ့ဘ၀ တစ်လျှောက်လုံး ပြန်ရေတွက်ကြည့်မယ် ဆိုရင်တော့ အစိုးရ အဆက်ဆက် ဖမ်းဆီးထိန်းသိမ်း ထောင်ကျခံရတာ ၁၀ ကြိမ်ရှိပါတယ်။ ကျောင်းသားဘ၀ ကတည်းက နိုင်ငံရေး လုပ်ခဲ့ပေမယ့် ကျောင်းမပြီးတာမျိုး မရှိဘဲ B.A, BBL (LLB) တွေနဲ့ ပညာရေးတော့ ဆုံးခန်းတိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတက်ချင်တဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကိုတော့ ဆက်လက် သင်ယူနိုင်ခြင်း မရှိခဲ့ပါဘူး။
၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံ အပြီးမှာတော့ ၁၉၉၀ ပြည့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဇိုမီးနေရှင်နယ် ကွန်ဂရက်ဆိုတဲ့ ပါတီကို တည်ထောင်ခဲ့ပါတယ်။ တစ်ပြိုင်နက်တည်းမှာလည်း တိုင်းရင်းသား အခွင့်အရေးအပြင် သူ့မှာ သူ့ဇိုမီးမျိုးနွယ်စုတွေ အတွက် တရားဝင် မျိုးနွယ်စုအဖြစ် သတ်မှတ်ခံရရေး အတွက်ပါ ကြိုးစားလာခဲ့ရပါတယ်။ ဦးနေ၀င်း အစိုးရလက်ထက် သတ်မှတ်ပေးခဲ့တဲ့ ချင်းတိုင်းရင်းသား မျိုးနွယ်စု ၅၃ စုမှာ လူဦးရေ နှစ်သိန်းကျော်ရှိပြီး ပင်လုံစာချုပ်မှာပါ ကိုယ်စားလှယ်တွေအဖြစ် ပါဝင် လက်မှတ်ရေးထိုးဖူးတဲ့ (အဲဒီတုန်းက Chin Hill Act ဥပဒေနဲ့ အုပ်ချုပ်တဲ့ ချင်းတောင်တန်း ဒေသအဖြစ် သတ်မှတ်ထားတာကြောင့် စာချုပ်ရေးထိုးတဲ့ ကိုယ်စားလှယ်ကိုလည်း ချင်းကိုယ်စားလှယ်အဖြစ်သာ ဖော်ပြခဲ့) ဇိုမီးတွေအနေနဲ့ မျိုးနွယ်စုအဖြစ် သတ်မှတ်ပေးခြင်း မခံခဲ့ရတာကြောင့် ဖြစ်ပါတယ်။
“အဲဒီကာလမှာ ကျွန်တော်တို့ မျိုးနွယ်စု တရားဝင် ဖြစ်ရေးအတွက်ပါ လုပ်ရတော့ ချင်းပြည်နယ်ထဲက တခြား မျိုးနွယ်စုတွေရဲ့ ငြိုငြင်မှုတွေနဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ပါခံခဲ့ရတယ်” လို့လည်း ပူးလ်ကျင်ရှင့်ထန်က အတိတ်ကို ပြန်ပြောပြပါတယ်။
ဒါပေမဲ့လည်း ပူးလ်ကျင်ရှင့်ထန် ဦးဆောင်တဲ့ ဇိုမီးနေရှင်နယ် ကွန်ဂရက်က သူတို့ မျိုးနွယ်စုတွေ အဓိက နေထိုင်တဲ့ တီးတိန်၊ တွန်းဇံ စတဲ့ မဲဆန္ဒနယ်တွေမှာ အနိုင်ရရှိခဲ့ပါတယ်။ မျိုးနွယ်စု အမည်နာမ တရားဝင် ရရှိရေးအတွက် ရွေးကောက်ပွဲ အနိုင်ရရှိမှု သက်ဆိုင်ရာ ပြည်သူတွေရဲ့ ထောက်ခံမှုက အရေးပါပါတယ်။ သို့သော်လည်း ၉၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့တဲ့ NLD လည်း လွှတ်တော်ထဲ မရောက် အစိုးရ မဖွဲ့နိုင်ခဲ့သလို ပူးလ်ကျင်ရှင့်ထန်တို့ ပါတီကလည်း စစ်အစိုးရရဲ့ ပစ်မှတ်တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။
ဇိုမီးနေရှင်နယ် ကွန်ဂရက် (ZNC) အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ UNLD အဖွဲ့မှာလည်း ရွေးကောက်ပွဲ ပြီးကတည်းက ပါဝင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ လှုပ်ရှားမှုတွေကို ၉၀ ရွေးကောက်ပွဲ ပြီးကတည်းက စတင်ခဲ့ပါတယ်။ ပူးလ်ကျင်ရှင့်ထန် အနေနဲ့ စစ်အစိုးရ လက်ထက် တစ်လျှောက်မှာလည်း မကြာခဏဆိုသလို ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမဲ့ စစ်အစိုးရကို အန်တုတဲ့ လှုပ်ရှားမှု တစ်ရပ်ဖြစ်တဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီတွေက ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး လွှတ်တော် ခေါ်ယူရေး ကိုယ်စားပြုကော်မတီ CRPP ဖွဲ့စည်းတော့လည်း ပါဝင်ခဲ့ပြန်ပါတယ်။ ဒါ့အပြင် အဲဒီခေတ်ကာလက သုံးပွင့်ဆိုင် ဆွေးနွေးရေး (စစ်အစိုးရ ၊ ဒီမိုကရေစီ အင်အားစု ၊ တိုင်းရင်းသား) အတွက် ပြင်ဆင်ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ကို ဖွဲ့စည်းတော့လည်း ဇိုမီးနေရှင်နယ် ကွန်ဂရက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။
“အဲဒီခေတ် ကာလကတော့ မိုးထဲရေထဲမှာ အန်အယ်လ်ဒီနဲ့ ကျွန်တော်တို့ တစ်တွေဟာ ကျောချင်းကပ် ခဲ့ရတာပေါ့” လို့ ပူးလ်ကျင်ရှင့်ထန်က ရီဝေစွာငေးမောရင်း အတိတ်ကို ပြန်ပြောပြပါတယ်။
စစ်အာဏာရှင်တွေကို အန်တုခဲ့တဲ့ အတွက်လည်း စားဝတ်နေရေးအတွက် စီးပွားရေး လုပ်ငန်းတွေ ပိတ်ပင်ခံခဲ့ရတာတွေ ရှိသလို နိုင်ငံကူးလက်မှတ် မရတာတွေလည်း ရှိခဲ့ပြီး နောက်ဆုံး လမ်းနဲ့ မလွတ်ဘူးဆိုပြီး အာဏာပိုင်တွေကနေ သူနေထိုင်တဲ့ အိမ်ဖျက်ဖို့ လုပ်တဲ့အထိပါ ခံခဲ့ရပါတယ်။ ရွှေဝါရောင် အရေးအခင်း ဖြစ်လာတော့လည်း အခြား နိုင်ငံရေး အင်အားစုတွေနဲ့ ပူးပေါင်းပါဝင်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြန်ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေကိုလည်း လက်မခံခဲ့သလို အန်အယ်လ်ဒီနဲ့ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသား ပါတီတွေနည်းတူ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ၀င်မပြိုင်ခဲ့ပါဘူး။
တကယ်တော့ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ ဒုတိယ ပင်လုံညီလာခံ ဆိုတာကလည်း ဇိုမီးနေရှင်နယ် ကွန်ဂရက်ကနေ စခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က မလွတ်ခင် ၂၀၁၀ ခုနစ်တုန်းက ကလေးမြို့မှာ ဇိုမီးနေရှင်နယ် ကွန်ဂရက်ရဲ့ ပါတီနှစ်ပတ်လည်နေ့ အခမ်းအနား လုပ်ခဲ့ပါတယ်။ အဲဒီမှာ တက်လာခဲ့တဲ့ ၉၀ ခုနစ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ၁၀၈ ဦးရဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်လာရေး လက်မှတ်ရေးထိုး တောင်းဆိုစာကို အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေက တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့တာပါ။ အဲဒီ တောင်းဆိုချက်မှာ ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဖို့ဆိုတဲ့ အချက်က အဓိကအနေနဲ့ ပါဝင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး နောက်ပိုင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ အတူ အန်အယ်လ်ဒီက လွှတ်တော် နိုင်ငံရေးထဲ ၀င်ရောက် သွားခဲ့ပါတယ်။ အဲဒီတော့ တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန်အယ်လ်ဒီနဲ့ မိတ်ဖက်အဖြစ် ရပ်တည်ခဲ့တဲ့ ၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီတွေကလည်း နိုင်ငံရေး အခြေအနေအရ ပြန်ပြီး တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ဖို့ ဖြစ်လာပါတယ်။ အဲဒီနောက် ၂၀၁၂ ဧပြီလမှာ ဇိုမီးနေရှင်နယ် ကွန်ဂရက်ပါတီကို မှတ်ပုံတင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အခု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကနေ ဇိုမီးမျိုးနွယ်စုဟာ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးထဲမှာ မပါတဲ့အတွက် ပါတီမှတ်ပုံတင်ခွင့် မပေးနိုင်ဘူးလို့ ပယ်ချခဲ့ပါတယ်။
‘အဲဒီတော့ ပြည်တွင်းပြည်ပမှာ ရှိတဲ့ ဇိုမီးမျိုးနွယ်စုတွေကနေ လှုပ်ရှားမှုတွေ လုပ်ရတာပေါ့။ ကျွန်တော်တို့ကလည်း ဇိုမီးဆိုတာ ရှိတဲ့အကြောင်း အများက ချင်းလို့ ခေါ်နေပေမယ့် ကိုယ့်ဘာသာကိုယ် ဇိုမီးလို့ခေါ်တဲ့ မျိုးနွယ်စုတွေ ရှိတယ်ဆိုတဲ့ အချက်ပါတဲ့ ဆရာသိန်းဖေမြင့်ရဲ့ စာအုပ်တွေ စာတမ်းတွေကို အထောက်အထားတွေနဲ့ တကွ ပြန်တင်လိုက်တော့ ပါတီမှတ်ပုံတင်ရသွားတယ်” လို့ ဇိုမီးတိုင်းရင်းသားတွေက ခေါင်းဆောင် (သို့မဟုတ်) ကြီးမြတ်သူတွေရဲ့ အရှေ့မှာ “ပူလ်း” ဆိုတဲ့ စာသား ထည့်သွင်းခေါ်ဆိုခြင်း ခံရတဲ့ ပူလ်းကျင်ရှင့်ထန်က ပြောပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ ပါတီနာမည်က ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် ZCD ဆိုပြီး ဖြစ်လာခဲ့ပါပြီ။ ဇိုမီးနေရှင်နယ် ကွန်ဂရက်ဆိုပြီး ကော်မရှင်က လက်မခံခဲ့တာကြောင့် ဖြစ်ပါတယ်။
ပါတီထောင်ပြီးချိန်မှာတော့ နဂို မဟာမိတ်တွေဖြစ်တဲ့ ၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေနဲ့ပဲ ဆက်လက်ပြီး လက်တွဲခဲ့ပါတယ်။ ZCD အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်မလား ၊ အသစ်ရေးမလား ၊ လွှတ်တော်အတွင်းမှာ ပြင်မလား ၊ လွှတ်တော်ပြင်ပ နိုင်ငံရေး ဆွေးနွေးမှုတွေနဲ့ ပြင်မလားဆိုတဲ့ ကိစ္စရပ်တွေအတွက် အန်အယ်လ်ဒီနဲ့ ၉၀ အနိုင်ရ တိုင်းရင်းသား ပါတီတွေ ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့ပြန်ပါတယ်။၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူချိန်မှာတော့ မိမိတို့ မျိုးနွယ်စုအမည် သတ်မှတ်ခံရရေးအတွက် မိမိတို့ မျိုးနွယ်စုတွေကို တိုင်းရင်းသားအမည် “ဇိုမီး” ဆိုတဲ့ နာမည်နဲ့ သန်းခေါင်စာရင်းမှာ ထည့်သွင်းကြဖို့ ပညာပေး အစီအစဉ်တွေကိုလည်း ပူလ်းကျင်ရှင့်ထန် ဦးဆောင်ပြီး တက်တက်ကြွကြွ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ သန်းခေါင်စာရင်း ရလဒ်တွေကို ထုတ်ပြန်တာ မရှိတဲ့အတွက် ဇိုမီးမျိုးနွယ်စုဦးရေ အတိအကျကို ယခုအချိန်အထိ မသိရပါဘူး။ ဇိုမီးလို့ အမည်နာမ ထည့်သွင်းမှုအပေါ် ကျန်တဲ့ ချင်းမျိုးနွယ်စုတွေနဲ့ ချင်းပါတီတွေရဲ့ အပြင်းအထန် ဆန့်ကျင်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ရွေးကောက်ပွဲ ကာလနား ရောက်လာချိန်မှာတော့ မျိုးနွယ်စု သတ်မှတ်ခံရရေး အတွက် သက်ဆိုင်ရာ မျိုးနွယ်စုတွေရဲ့ ထောက်ခံမှုရရှိရေးက အရေးပါမှန်း မသိပါလာခဲ့ပါတယ်။
ပူးလ်ကျင်ရှင့်ထန် ကိုယ်တိုင်လညှ်း တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဇိုမီးမျိုးနွယ်စုတွေ နေထိုင်ရာဒေသက မြန်မာနိုင်ငံထဲမှာ မြို့နယ်အနည်းစုသာ ရှိပေမယ့် စုစုပေါင်း ၆ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။ သူတို့မျိုးနွယ်စုတွေ အဓိကနေထိုင်ရာ တီးတိန်နဲ့ တွန်းဇံမြို့နယ်တွေမှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပူလ်းကျင်ရှင့်ထန် ကိုယ်တိုင်လည်း ရွေးချယ်ခံရပါတယ်။
အခုလို ရွေးချယ်ခံရတာက တိုင်းရင်းသား မျိုးနွယ်စုအမည်နာမ သတ်မှတ်ခံရရေးအတွက် အလေးသာ သွားစေတယ်လို့ ရွေးကောက်ပွဲ ပြီးပြီးချင်းမှာ အသက် ၇၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သူက ဗွီအိုအေ အမေရိကန်အသံကို ပြောထားပါတယ်။
“ကျွန်တော်တို့ပါတီက ပိုက်ဆံလည်း မရှိဘူး။ ဆင်းလည်း ဆင်းရဲတယ်။ အတိုက်အခိုက်ကလည်း ခံရတယ်။ ဒါပေမဲ့ ဇိုမီးမျိုးနွယ်စုတွေက ပူလ်းကျင်ရှင့်ထန်ရဲ့ ပေးဆပ်မှုကို သဘောကျတယ်။ ဒီရွေးကောက်ပွဲမှာ အနိုင်ရတာက \ဇိုမီးမျိုးနွယ်စုတွေက ပူလ်းကျင်ရှင့်ထန်ရဲ့ ပေးဆပ်မှုကို အသိမှတ်ပြုတဲ့ သဘောပဲ” လို့ ဇိုမီးလူငယ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အန်ထော်နီက ဇိုမီးပါတီ ဘာကြောင့် အနိုင်ရရှိသလဲ ဆိုတာနဲ့ ပတ်သက်လို့ မှတ်ချက်ပြု ပြောဆိုပါတယ်။
အနိုင်ရရှိခဲ့တဲ့ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် (ZCD) အနေနဲ့ကတော့ ၉၀ ရွေးကောက်ပွဲ ကတည်းက ထားခဲ့တဲ့ မူဝါဒကို ဆက်လက်ကိုင်စွဲပြီး ချီတက်နေဦးမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဇိုမီးမျိုးနွယ်စုတွေ အတွက် အနစ်နာခံ ဆောင်ရွက်မှုတွေကြောင့်ပဲ ၂၀၁၆ ခုနစ်အထိ သူရရှိခဲ့တဲ့ ဆုပေါင်းက ၂၀ အထိ ရှိနေပါပြီ။ အဲဒီထဲမှာ အများစုက နိုင်ငံတကာရောက် ဇိုမီးအသိုင်းအ၀ိုင်းက ပေးခဲ့တဲ့ ဆုတွေဖြစ်ပြီး နော်ဝေ အပါအ၀င် တခြားပြည်ပ နိုင်ငံတွေက ပေးခဲ့တဲ့ ဆုတွေလည်း ရှိပါသေးတယ်။ ဇိုမီးသူရဲကောင်းဆု ၊ ဇိုမီးရဲ့ ဖခင် ၊ ဇိုမီး အမျိုးသား ခေါင်းဆောင်၊ ဇိုမီးလွတ်မြောက်ရေး ဆုစတဲ့ ဆုတွေကတော့ ဇိုမီးအသိုင်းအ၀ိုင်းက သူ့ကို ချီးမြှင့်ခဲ့တဲ့ ဆုတွေပါ။
သို့သော်လည်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လွှတ်တော်တွင်း နိုင်ငံရေးကိုသာ သီးသန့်လုပ်သွားမှာ မဟုတ်ပါဘူး။ သူတို့ အချိန်အတန်အကြာ လုပ်လာခဲ့တဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုလည်း ဆက်လုပ် သွားဦးမှာပါ။ တိုင်းပြည်မှာ ပြည်တွင်းစစ်က ကာလရှည်ကြာနေပြီ ဖြစ်တဲ့အတွက် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးက အရေးကြီးတယ်၊ တစ်ဆက်တည်း တိုင်းရင်းသား အခွင့်အရေးကိုလည်း မဖြစ်မနေ စဉ်းစားရမယ်လို့ ဆိုပါတယ်။
သို့သော်လည်း ယခင်သူတို့ တိုင်းရင်းသား ပါတီတွေ စွဲကိုင်ထားခဲ့တဲ့ ရှစ်ပြည်နယ်မူ ၊ ဗမာကို တစ်ပြည်နယ် ပေးရေးမူကတော့ လက်တွေ့ နိုင်ငံရေး အခြေအနေနဲ့ ယနေ့ အချိန်အခါအရ လက်တွေ့ မကျတော့ဘူးလို့ ပူလ်းကျင်ရှင့်ထန်က ဆိုပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံက ဖက်ဒရယ်ယောင်ယောင် လုပ်ထားပေမယ့် လူမျိုးစုအရရော ပထ၀ီအရပါ သေချာသတ်မှတ်ထားတဲ့ ဖက်ဒရယ်ပုံစံ မဟုတ်ဘူး။ လက်တွေ့ အခြေအနေအရတော့ ဒီ၁၄ ယူနစ် ( ပြည်နယ်နှင့်တိုင်း ၁၄ ခု) အပေါ် မူတည်ပြီး အခြေခံဥပဒေ စပြင်၊ ပြီးမှ မြေပုံပြင်ဆင် ရေးဆွဲရေးလို ကိစ္စရပ်တွေ လုပ်ရမယ်” လို့ ၇၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပူလ်းကျင်ရှင့်ထန်က သူ့ရဲ့ နိုင်ငံရေးအရ ချဉ်းကပ်မှု မူဝါဒကို ရှင်းပြပါတယ်။
“တိုင်းပြည်မှာက လက်နက်ကိုင် များလွန်းတယ်။ ပြည်တွင်းစစ် ပြသ၁နာ မရှင်းနိုင်ရင် ဒီမိုကရေစီအတွက်ပါ ပြသ၁နာရှိတယ်” လို့လည်း သူက ဆက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မဟာမိတ်ဟောင်း တိုင်းရင်းသားတွေကို အန်အယ်လ်ဒီ ဦးဆောင်တဲ့ လွှတ်တော်မှာ ရာထူးခန့်အပ် ပေးမှုအဖြစ် ပူလ်းကျင်ရှင့်ထန်တို့နဲ့ အတူတူ လှုပ်ရှားခဲ့တဲ့ ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးအေးသာအောင်ကို အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် လွှတ်တော်မှာ နေရာပေးခဲ့ပါပြီ။ ပါတီဝင်မဟုတ်တဲ့ တိုင်းရင်းသားတွေကို အစိုးရအဖွဲ့မှာလည်း နေရာပေးမယ် လို့လည်း ရွေးကောက်ပြီးစက ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။ အန်အယ်လ်ဒီ အစိုးရက ကမ်းလှမ်းလာရင် လက်ခံမှာ ဖြစ်သလို မကမ်းလှမ်းခဲ့ရင်လည်း အတိုက်အခံအဖြစ် ရပ်တည်မှာတော့ မဟုတ်ဘူးလို့ ပူလ်းကျင်ရှင့်ထန်က ဆိုပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီက ချွတ်ချော်ခဲ့ရင် ထောက်ပြဝေဖန်မှုတွေ လုပ်မယ်လို့လည်း ဆိုပါတယ်။
တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ပတ်သက်လို့ကတော့ “သူက ဗိုလ်ချုပ်အောင်ဆန်း သမီးပဲ ၊ သူ့မှာ တိုင်းရင်းသားအရေး လုပ်ရမယ့် သမိုင်းပေးတာဝန် ရှိတယ်။ သူကလည်း ကတိပေးထားတယ်။ သူ့ကို ယုံတယ်။ မဖြစ်မနေ သူကြိုးစားပါလိမ့်မယ်” လို့ အခု လွှတ်တော် သက်တမ်းမှာ အသက်အကြီးဆုံး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့တဲ့ ဇိုမီးသူရဲကောင်း ပူလ်းကျင်ရှင့်ထန်က ခိုင်ခိုင်မာမာ ပြောဆိုလိုက်ပါတယ်။
စိုင်းထွန်းအောင်လွင်
ဓာတ်ပုံ - ဆလိုင်းကျော်မိုး ( CHIN WORLD )
The Ladies News Journal
02/05/2016

0 coment�rios:

Post a Comment