တချိန်က မြင်းခြံအေဘီအမ်(ABM)ကျောင်းအကြောင်း

 

တချိန်က မြင်းခြံအေဘီအမ်(ABM)ကျောင်းအကြောင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကိုလိုနီခေတ်အခါက မြန်မာနိုင်ငံမှာ ခရစ်ယာန်သာသနာပြုလုပ်ငန်းတွေ လာရောက်လုပ်ကိုင်ကြတဲ့ American Baptist Foregin Mission Society အဖွဲ့အစည်းဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ "ABM ကျောင်း"များ ဖွင့်လှစ်ခဲ့ကြပါတယ်။
သူတို့ဖွင့်လှစ်ကြတဲ့ ABM ကျောင်းတွေမှာ အိမ်တွင်းမှုလုပ်ငန်းတွေ၊အချက်အပြုတ်၊အချုပ်အလုပ်လုပ်ငန်းတွေက အစ အသက်မွေးဝမ်းကျောင်း ပညာတွေကို သင်ကြားပေးကြပါတယ်။ဒါကြောင့်မို့ ယုတ်စွအဆုံး ကြက်ဥဘဲဥခေါက်တာ စျေးမှာ ဟင်းသီးဟင်းရွက် ဝယ်တာကအစ ABM ကျောင်းထွက်တွေဟာ စနစ်ကျကြပါတယ်။
အဲ့ဒီ အိမ်တွင်းမှုလုပ်ငန်းတွေအပြင် အားကစားမှာလည်း ဘတ်စကတ်ဘော၊ကြက်တောင်၊ဘော်လီဘောတွေနဲ့ ဂီတပညာတွေကိုလည်း သင်ကြားပေးကြပါတယ်။
ခရစ်ယာန်သာသနာပြုကျောင်းဖြစ်တာမို့ ကျောင်းမှာ ခရစ်ယာန် ကျမ်းစာသင်တာ၊ ဘုရားရှိခိုးတာတွေ ရှိပေမယ့် တခြား ဘာသာ သင်ချိန်မှာတော့ အမျိုးသားရေး ဘာသာရေး မစွက်ဘဲ စည်းကမ်းရှိဖို့ အရေးပေး သင်ကြားပေးကြပါတယ်။ခရစ်ယာန်ကျောင်းဖြစ်ပေမယ့် မြန်မာစာ သင်ရိုးမှာတော့ သာသနာ လျှောက်နဲ့ ဆွမ်းတော်ကြီးစာတမ်း၊ ဝိဇယ ပြဇာတ်၊ တောင်ဖီလာဆရာတော်ရဲ့ လင်္ကာတွေကို သင်ကြရပါတယ်။
မြင်းခြံမြို့ရဲ့ ABM ကျောင်းကိုတော့ (၁၈၈၈) ခုနှစ်လောက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မြင်းခြံမြို့ကို သာသနာပြုလုပ်ငန်းတွေ စတင်ပြီး လာရောက်သာသနာပြုကြသူတွေကတော့ ကျွန်တော်တို့နိုင်ငံမှာ "ဘိုကိတ်ပဲ" ကို တီထွင်စိုက်ပျိုးခဲ့တဲ့ မစ္စတာကေ့စ် (Mr Brayton Case) ရဲ့ မိဘတွေပဲ ဖြစ်ပါတယ်။
မြင်းခြံဇာတိဖွား ထင်ရှားကျော်ကြားသူတွေ ဖြစ်ကြတဲ့ စည်သူဦးကောင်း (အရင်က ငွေစက္ကူတွေမှာ "မောင်ကောင်း" ဆိုတဲ့ လက်မှတ်ပိုင်ရှင်)၊ ကာနယ်ချစ်ကောင်း၊ရုပ်ရှင်
သရုပ်ဆောင် အေဝမ်းမေသန်း အစရှိတဲ့ သူတို့ဟာ မြင်းခြံ ABM ကျောင်းထွက်တွေပဲ ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်မှတော့ မြင်းခြံ ABM ကျောင်းကို မစ်ရှင်ဆီကနေ အစိုးရက လွှဲပြောင်းယူလိုက်ပြီး အလယ်တန်းကျောင်း (အလက(၁) မြင်းခြံ) အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ယခုတော့ အ.ထ.က (၄) အဖြစ် ဖွင့်လှစ်ထားပါတယ်။စာရေးဆရာ လူမျိုးနော်၊ဆရာမ ခင်ခင်ထူးတို့ တက်ရောက်ခဲ့ကြတဲ့ ကျောင်းပါပဲ။
စာရေးသူ ကျွန်တော် ကျောင်းတက်ခဲ့စဥ် အ.လ.က (၁) မြင်းခြံ အဖြစ် တည်ရှိနေစဥ်ကတော့ ABM ကျောင်းရဲ့ အစဥ်အလာကို ဆက်လက်ထိန်းသိမ်းထားလေလား မသိ။"သက်မွေးဘာသာ" ဆိုပြီး အိမ်တွင်းမှု လုပ်ငန်းတွေ သင်ကြားပေးခဲ့ပါသေးတယ်။
မိန်းကလေးတွေအတွက် အချုပ်အလုပ်၊အချက်အပြုတ်တွေနဲ့ ​ကျွန်တော်တို့ ယောကျာ်းလေး ကျောင်းသားတွေအတွက် ထိုင်ခုံ၊စားပွဲခုံ ရိုက်နည်း၊ခြင်းလုံးယက်နည်း၊ စာအုပ်ချုပ်နည်း အစရှိတဲ့ ပညာရပ်တွေကို သင်ကြားပေးခဲ့ပါတယ်။ကျွန်တော်ဆိုရင် အဲ့ဒီက ရခဲ့တဲ့ ပညာရပ်တစ်ခုကတော့ စာအုပ်ကို ချုပ်နည်းမျိုးစုံနဲ့ ချုပ်တတ်ခြင်းပါပဲ။ အဲ့ဒီ "သက်မွေးပညာ" ဘာသာရပ်ကို ရက်သတ္တပတ် တစ်ပတ်မှာ (၂) ချိန် သင်ကြားပေးခဲ့ပါတယ်။ ကုန်ထုတ်/သက်မွေး ချိန်ပေါ့။အတိုကောက် အလွယ်ခေါ်ကြတာကတော့ ​ကြိုသက်မွေး ချိန်လို့ ခေါ်ကြပါတယ်။
အခုတော့ အ.လ.က (၁) တဖြစ်လဲ အ.ထ.က (၄) မြင်းခြံကျောင်းဟာ ကျွန်တော်နဲ့ အလှမ်းဝေးသွားပြီမို့ ယနေ့ခေတ်ကာလမှာတော့ အဲ့ဒီ ကုန်ထုတ်သက်မွေး ဘာသာရပ်ကို သင်ကြားပေးသေးသလား၊ မသင်တော့ဘူးလား ဆိုတာကတော့ မသိတော့ပါဘူး။
အောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံကတော့ အမေရိကန်သာသနာပြု၊ မြင်းခြံ ABM ကျောင်းအုပ်ကြီး Mr Dudley နဲ့ ဆရာ၊ဆရာမ များ ပါဝင်တဲ့ "မြင်းခြံ ABM ကျောင်း" နောက်ခံနဲ့ ဓာတ်ပုံပဲ ဖြစ်ပါတယ်။

နွေဥဩလွင်
Content Creator
History of Myingyan

#AboutofMyingyanABM
#HistoryOfMyingyan

 

Shared by>>>History of Myingyan 

0 coment�rios:

Post a Comment