|| စိုင်းထွန်းအောင်လွင် ||
မူလကတော့ နေပြည်တော်ကို သွားမယ့် ကျွန်တော့်ရဲ့ ခရီးစဉ်အတွင်းမှာ သူနဲ့တွေ့ဖို့ မပါပါ။ ဒါပေမဲ့ မသွားခင် တစ်ရက်အလိုက ဘီဘီစီ အသံလွှင့် အစီအစဉ်မှာ ပင်တိုင်ဆွေးနွေးသူ အနေနဲ့ ကျွန်တော် ၀င်ရောက် ဆွေးနွေးဖြစ်တော့ ‘ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်တယ်။ ဒါပေမဲ့ သူချက်ချင်း မဖြစ်နိုင်သေးရင်လည်း သူနဲ့ ကာလရှည် မိတ်ဖက်တွေ လက်တွဲဖော်တွေ ဖြစ်ခဲ့တဲ့ ကျွန်တော်တို့ ဇိုမီးခေါင်းဆောင်ကို ဖြစ်စေချင် တယ်။ သူလည်း ပြည်သူ့လွှတ်တော်က အနိုင်ရထားတာပဲ” ဆိုတဲ့ ဇိုမီးမျိုးနွယ်စုဝင် လူငယ်တစ်ယောက်ရဲ့ ဆွေးနွေးသံကို ကြားရင်း နေပြည်တော် ခရီးစဉ်မှ သူနဲ့ တွေ့မှဖြစ်မယ်ဆိုတဲ့ အသိက ၀င်လာတာနဲ့ သူ့ကို တွေ့ခွင့်ရအောင် ကြိုးပမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပြည်သူ့လွှတ်တော် အစည်းအဝေးမစခင် တစ်ရက်အလိုက သူတည်းခိုနေတဲ့ သူ့တည်းခိုဆောင်ကို ရောက်သွားတော့ အသက်အရွယ်မမျှ ရွှင်လန်းတက်ကြွစွာနဲ့ သတင်းမီဒီယာ သမားတစ်ဦးရဲ့ မေးမြန်းမှုကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေတာ တွေ့ရပါတယ်။